မြို့သိမ်းတိုက်ပွဲအပြီး အိမ်ပြန်ခရီးတွင် ပြန်မလာနိုင်တော့သည့် အညာဒေသခံ လူငယ်များ

မြို့သိမ်းတိုက်ပွဲအပြီး အိမ်ပြန်ခရီးတွင် ပြန်မလာနိုင်တော့သည့် အညာဒေသခံ လူငယ်များ ………….. နှစ်လနီးပါးကြာ တိုက်ယူခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအပြီးမှာ အောင်ပွဲနဲ့ပြန်လာတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို လမ်းတစ်လျှောက်မှာ ဒေသခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း မြို့သိမ်းတိုက်ပွဲအတွင်းမှာ အသက်ပေးလိုက်ရတာကြောင့် အိမ်ပြန်ခရီးမှာ ပြန်မလာနိုင်တော့တဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိနေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေ များစွာပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ ပင်လည်ဘူးမြို့တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀ ကျော် ကျဆုံးခဲ့တယ်လို့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ အောင်ပွဲရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အောင်သပြေပန်းတွေနဲ့ ကြိုဆိုကြတဲ့ ဒေသခံတွေထဲမှာ ရွှေဘိုမြို့နယ် အနောက်ခြမ်းက အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။ သူမရဲ့ မောင်ဖြစ်သူကတော့ အိမ်ပြန်ခရီးမှာ ပြန်ပါမလာခဲ့ပါဘူး။ “ကျွန်မမောင်လေးက တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ပါတယ်။ ပြန်လာတဲ့ ရဲဘော်တွေအားလုံးကို ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုနေကြတဲ့အချိန် ကျွန်မမောင်လေး ပါမလာတဲ့အတွက် ဝမ်းနည်း၊ ကြေကွဲရပါတယ်။ ကျွန်မမောင်လေးအတွက် ဂုဏ်ယူပါတယ်။ ဒီလိုအောင်ပွဲတွေကိုလည်း အမြဲတမ်း အောင်ပွဲခံနိုင်အောင် ဆက်လက်ပြီးတော့ လှုပ်ရှားသွားမှာပါ”